Monday 18 January 2010

''ဗုဒ္ဓဘာသာဟူသည်''



ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာ ကြသည်။ ဘုရားရှိခိုးလျှင်ပင် ထိခြင်းငါးပါးဖြင့် ဦးချရကောင်းမှန်း မသိကြတော့ပါ။ ဒီလိုအခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာ သာငါးမျိုး ကွဲပြားလိမ့်မည်ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးက တော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁) ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓ ဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သား သမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ် ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓ ဘာသာဖြစ်လာရတယ် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရားမည်သည့် တရား ဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်း မသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက် နဲ့ ဦးချနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် တွေ ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရား ကြောင့်မဟုတ်ပါဘူး။ ကံ၊ ဥာဏ်၊ ဝီရိယ၊ သတ္တိကြောင့်ပါ။ အရောင်းအဝယ် တစ်ခု လုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက် ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတဲ့ နတ် ကိုးကွယ်ကြ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘ ဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာ လို့ခေါ်ပါတယ်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊ လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓ ဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊ လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။ ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာကိုယ်မှာ အသိ၊ ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်းကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရ သေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး သာသနာတော်ကိုလည်း သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ၊ ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ၊ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအ တွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရား ဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့ နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုး ရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော် မူခဲ့ပါတယ်။ ဒီ တရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာ သူတော်စင် ကြီးတွေဟာ နိဗ္ဗာန် ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက် ဟာ မှန်သော ယုံကြည်ချက်။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာ ဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါ မည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားကပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ ဆောင်တာမဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။ ထိုတရားတွေ မကွယ် မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာရဲ့ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာ တရားတွေ ဒီတရားတွေကို သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည် နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာ ယုံကြည် ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဗုဒ္ဓရဲ့ ဂုဏ် တော်ကို ဘာမှနားမလည်ဘဲ သူများ ဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓ ဘာသာတွေရဲ့ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ တရားကို ဆောင် ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ် လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါရှိတဲ့ သဒ္ဓါဓိကဗုဒ္ဓဘာသာ ပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိကဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါး တရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင် တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲ မှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ်လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့် ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာ ကသဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဓါတရား မှန်မှန် ကန်ကန်နဲ့သာ ကြိုးစားမယ် ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်တယ်။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျ ကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက် တန်းစား ဗုဒ္ဓဘာသာပါ။

(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့ ကုန်းမြင့်သာယာ ရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြား တော်မူအပ်သော ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။)

Thursday 14 January 2010

တုနှိုင်းမမှီ မေတ္တာဂုဏ်ရည်


ကျွန်မသည် အစိုးရအမှုထမ်းတစ်ဦးဖြစ်သည့်အတွက် မိဘများနှင့် ခွဲကာ တာဝန်ကျရာ ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရင်းဖြင့် ဘဝတိုက်ပွဲကို ရင်ဆိုင်ကျော်ဖြတ်နေရသည့်အချိန်... မိဘနှစ်ပါးကိုလွမ်းရင်း မျက်ရည်ကျရသည်လည်း အကြိမ်ကြိမ်ပေါ့။ ဒီတစ်ပတ် ရုံးပိတ်ရက် စနေ၊တနင်္ဂနွေနှင့် တွဲလျှက် ခွင့်(၂)ရက်တင်ကာ မိဘနှစ်ပါးရှိသည့် ဟင်္သာတမြို့သို့ခဏပြန်ရန် ဆုံးဖြတ်လိုက်သည်။
ဖေဖေ...၊ မေမေ...ဟုခေါ်ပြီး ကျွန်မ အိမ်ထဲသို့ ဝင်သွားသည့်အခါ ဖေဖေမှ ''ငါ့သမီးလေး ပြန်လာတယ်ဟေ့'' ဟု ဝမ်းသာအားရဖြင့် မေမေ့အားလှမ်းပြောလိုက်သည်။ မေမေသည် မီးဖိုချောင်မှထွက်လာပြီး ကျွန်မလက်ထဲမှ အထုပ်အပိုးများယူလျှက် သမီးလေးရယ် ပိန်သွားလိုက်တာဟုပြောသည်။ ကျွန်မပြုံးကာ မဟုတ် ပါဘူး မေမေရယ်၊ မေမေ မတွေ့တာ ကြာလို့နေမှာပါဟု လှမ်းပြောရင်း ယူလာသည့် ပစ္စည်းများအား ထုတ်လိုက် သည်။ ဖေဖေနှင့် မေမေအတွက် ဝယ်လာသည့် အဝတ်အထည်များနှင့် မုန့်များအား ဗီရိုထဲသို့ သွားထည့်ပေးပြီး ကျွန်မ မီးဖိုဘက်သို့ကူးလာခဲ့သည်။ မေမေမှ တစ် ရေးလောက်သွားအိပ်လိုက်သမီးဟုလှမ်းပြောသည်။ ကျွန်မ နေခဲ့သည့် အခန်းလေးသို့ဝင်လိုက်လျှင် ကျွန်မနေခဲ့စဉ် ကတည်းက အတိုင်းရှိနေတာကိုအံ့သြစွာ ကျွန်မတွေ့လိုက်ရ သည်။
ကျွန်မရှိနေစဉ်အချိန်လေးအတွင်း ပြုံးရွှင်ကြည်နူးနေသည့် မိဘနှစ်ပါး၏မျက်နှာလေးများကို စိုက်ကြည့်မိ ရင်း ကျွန်မလည်း ပျော်ရွင်ခဲ့ရသည်။ တစ်ရက်၊ တစ်ရက်ဖြင့် ကျွန်မပြန်ရမည့် နေရက်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေ့ မိုးလင်းကတည်းက အိမ်ကလေးသည် တိတ်ဆိတ်နေသည်ဟု ကျွန်မခံစားမိသည်။ ကျွန်မပြန်ရတော့မည် ဆို၍ ဖေဖေနှင့် မေမေ မျက်နှာမကောင်းပါ။ သို့သော် မိဘများသည် သူတို့ခံစားချက်များအား ထုတ်ဖော်ပြသတတ် သူများမဟုတ်ဟု ကျွန်မထင်ပါသည်။ စုန်ရေ...ဖြင့်သာ သားသမီးများကို ချစ်ခင်လိုသည်။ ဆန်တက်လာမည့်ရေကို ဘယ်သောအခါမှ မျှော်လင့်တတ်ကြသူများမဟုတ်ပါ။ ကျွန်မအတွက် မေမေသည် ချက်ပြုတ်ပေးရင်း '' သမီး... ကျန်းမာရေး ဂရုစိုက်နော်၊ တက်စာကိုသတိထားစား၊ အစားအသောက်ကိုဆင်ခြင်၊ ရေကိုကျိုချက်သောက်၊ လိုအပ် ရင် မေမေတို့ကိုလှမ်းမှာနော်... စသဖြင့် အမှာစကားများမကုန်နိုင်အောင် ပြောနေသဖြင့် '' ဟုတ်ကဲ့ပါ မေမေရယ်.. သမီးလူကြီးတစ်ယောက်အဖြစ်နဲ့ လုပ်ငန်းခွင်ဝင်နေရပြီ၊ မေမေက သမီးကိုကလေးလို့ ထင်နေတုန်းပဲ'' ဟုပြောလျှင် မေမေက '' ကျုပ်မျက်စိထဲမတော့ ကလေးပဲ၊ တစ်စက်ကလေးမှ စိတ်မချပါဘူးအေ...'' ဟုပြန်ပြောလာသဖြင့် ကျွန်မ ရယ်မောမိသေးသည်။ ကျွန်မ ရန်ကုန်သို့ပြန်မည့်ကားသည် ည ၉နာရီမှစီးရမည်ဖြစ်ပြီး ကားဂိတ်တွင် သွားစီးရန် မလိုအပ်ပဲ ကျွန်မအိမ်ရှေ့တွင်စောင့်စီးရုံသာ။
ကျွန်မသည် ညနေစာ ထမင်းပွဲပြင်ကာ ထမင်းစားချိန်တွင် ဖေဖေသည် ထမင်းတစ်ပန်းကန် မကုန်၊ ဖေဖေ စားမကောင်းဘူးလားဟု ကျွန်မမေးတော့ ရင်ပြည့်နေတယ်ထင်တယ်သမီးရယ်ဟု ပြန်ပြောခဲ့သည်။ မေမေသည် လည်းထမင်းကိုနည်းနည်းသာစားပြီး ကျွန်မယူသွားရမည့်ပစ္စည်းများကိုပြန်စစ်ပေးနေသည်။ ကျွန်မစားသောက်ပြီး ချိန်တွင် ည(၇)နာရီထိုးပြီ၊ ကျွန်မ ဘုရားခန်းသို့ဝင်ကာ ဘုရားရှိခိုးပြီး ဖေဖေနှင့် မေမေအား ကန်တော့ရန် အိမ်ပေါ် ထက်မှ ဆင်းလာခဲ့သည်။ ဖေဖေနှင့် မေမေကိုကန်တော့ချိန်တွင် ဖေဖေမှ ကျွန်မအတွက် ဆုများပေးနေချိန်တွင် မေမေသည် နှုတ်ဆိတ်နေခဲ့သည်။
''တီ...တီ'' ဟော ကားလာပြီသမီး ဟုဖေဖေလှမ်းပြောသဖြင့် ကျွန်မ အထုပ်အပိုးများ ယူကာအိမ်ရှေ့သို့ ထွက်လာခဲ့သည်။ ဖေဖေနှင့်မေမေသည် ကျွန်မအား ကားနားအထိလိုက်ပို့ပြီး ''သမီးလမ်းမှာ ဂရုစိုက်သွားနော်၊ ဘုရား၊ တရား မမေ့နဲ့ ''ဟုမှာနေသေးသည်။ ကျွန်မ ကားပေါ်မှ လက်ပြနှုတ်ဆက်ချိန်တွင် ဖေဖေနှင့် မေမေ မျက်နှာ ညှိုးငယ်နေသည်။ ကျွန်မ မသိကျိုးကျွံပြုကာ တစ်ဘက်သို့ လှည့်လိုက်သည့် အချိန်တွင် ကားသည် အိမ်ရှေ့မှ ထွက်ခွာလာပြီဖြစ်သည်။ မိဘနှစ်ပါး မျက်ရည်ကျနေမည်ဆိုသည်ကို ကျွန်မသိပါသည်။ ကျွန်မ ပါးပြင်ပေါ်တွင် အေးစက်သည့် မျက်ရည်စက်များ စီးဆင်းလာခဲ့ရသည်။ ဖေဖေနှင့် မေမေ၏ခံစားချက်များကို ကျွန်မနားလည်နိုင်ပါ သည်။ မိဘများသည် အသက်အရွယ်ရလာလျှင် မိသားစုများနှင့် သိုက်သိုက်ဝန်းဝန်းနေချင်မှာအမှန်ပင်။ မိဘနှစ်ပါး အား စိတ်ချမ်းသာစေချင်သော်လည်း ကျွန်မလုပ်မပေးနိုင်၍ စိတ်မကောင်းဖြစ်မိသည်။ ကျွန်မဘဝရပ်တည်ချက် အတွက် ကျွန်မခရီးဆက်ရဦးမည်။ ထိုအရာကို မိဘများ နားလည်ပေးနိုင်မှန်း ကျွန်မသိပါသည်။ မိဘများသည် သား၊သမီးတိုင်းကို ပေးဆပ်ခြင်းဖြင့်သာ ချစ်ခင်ကြသည်။ ချစ်သောမျက်လုံးများဖြင့် ပြုံးလျှက်သာကြည့်နေတတ် ပါသည်။ ကျွန်မတို့ငယ်ရွယ်စဉ် အချိန်က နေခဲ့ရသည့် မိသားစုဘဝလေးအား ကျွန်မတို့ မိသားစုဝင်အားလုံး ပြန်လည်တမ်းတနေမည်မှာမလွဲပါ။ ပျော်စရာကောင်းခဲ့သည့် မိဘရင်ခွင်နေရချိန်လေး အားမှန်းမျှော်တမ်းတရင်း ကျွန်မတာဝန်ကျရာ ဒေသဆီသို့....
မိဘမေတ္တာ ကြီးမားပါသည်
လိမ္မာသူသာအသိဆုံး ဆိုသည့် ဆုံးမစကားကိုကြားယောင်နေမိရင်းဖြင့်......

Wednesday 13 January 2010

ထိုက်တန်သူ


မင်းကိုမုန်းရင် ငါအရှုံးပဲလို့ ခံယူပြီး
မင်းကို ဘယ်တော့မှ ငါမမုန်းဘူးဆိုတာ ယုံပါ...
ချစ်လားဆိုတော့လည်း
ချစ်ခြင်းဆိုတာ မင်းနဲ့ ထိုက်တန်သလားလို့ မေးရင်း
ငါ၏ချစ်ခြင်းအား သော့ခတ်သိမ်းထားခဲ့တယ်ဆိုတာ ယုံပါ...
ငါ ချစ်ဖို့ထက် မင်းမြင့်မြတ်ဖို့တော့လိုတယ်...
မင်စိတ်ဓါတ် မသန့်စင်သရွေ့
ငါ၏ချစ်ခြင်း မင်းအတွက်ဖြစ်လာခြင်းဆိုတာ
ဘယ်တော့မှ ရှိမှာမဟုတ်ဘူးဆိုတာ ယုံပါ... ချစ်သူ........