Thursday 14 January 2010

တုနှိုင်းမမှီ မေတ္တာဂုဏ်ရည်


ကျွန်မသည် အစိုးရအမှုထမ်းတစ်ဦးဖြစ်သည့်အတွက် မိဘများနှင့် ခွဲကာ တာဝန်ကျရာ ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရင်းဖြင့် ဘဝတိုက်ပွဲကို ရင်ဆိုင်ကျော်ဖြတ်နေရသည့်အချိန်... မိဘနှစ်ပါးကိုလွမ်းရင်း မျက်ရည်ကျရသည်လည်း အကြိမ်ကြိမ်ပေါ့။ ဒီတစ်ပတ် ရုံးပိတ်ရက် စနေ၊တနင်္ဂနွေနှင့် တွဲလျှက် ခွင့်(၂)ရက်တင်ကာ မိဘနှစ်ပါးရှိသည့် ဟင်္သာတမြို့သို့ခဏပြန်ရန် ဆုံးဖြတ်လိုက်သည်။
ဖေဖေ...၊ မေမေ...ဟုခေါ်ပြီး ကျွန်မ အိမ်ထဲသို့ ဝင်သွားသည့်အခါ ဖေဖေမှ ''ငါ့သမီးလေး ပြန်လာတယ်ဟေ့'' ဟု ဝမ်းသာအားရဖြင့် မေမေ့အားလှမ်းပြောလိုက်သည်။ မေမေသည် မီးဖိုချောင်မှထွက်လာပြီး ကျွန်မလက်ထဲမှ အထုပ်အပိုးများယူလျှက် သမီးလေးရယ် ပိန်သွားလိုက်တာဟုပြောသည်။ ကျွန်မပြုံးကာ မဟုတ် ပါဘူး မေမေရယ်၊ မေမေ မတွေ့တာ ကြာလို့နေမှာပါဟု လှမ်းပြောရင်း ယူလာသည့် ပစ္စည်းများအား ထုတ်လိုက် သည်။ ဖေဖေနှင့် မေမေအတွက် ဝယ်လာသည့် အဝတ်အထည်များနှင့် မုန့်များအား ဗီရိုထဲသို့ သွားထည့်ပေးပြီး ကျွန်မ မီးဖိုဘက်သို့ကူးလာခဲ့သည်။ မေမေမှ တစ် ရေးလောက်သွားအိပ်လိုက်သမီးဟုလှမ်းပြောသည်။ ကျွန်မ နေခဲ့သည့် အခန်းလေးသို့ဝင်လိုက်လျှင် ကျွန်မနေခဲ့စဉ် ကတည်းက အတိုင်းရှိနေတာကိုအံ့သြစွာ ကျွန်မတွေ့လိုက်ရ သည်။
ကျွန်မရှိနေစဉ်အချိန်လေးအတွင်း ပြုံးရွှင်ကြည်နူးနေသည့် မိဘနှစ်ပါး၏မျက်နှာလေးများကို စိုက်ကြည့်မိ ရင်း ကျွန်မလည်း ပျော်ရွင်ခဲ့ရသည်။ တစ်ရက်၊ တစ်ရက်ဖြင့် ကျွန်မပြန်ရမည့် နေရက်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေ့ မိုးလင်းကတည်းက အိမ်ကလေးသည် တိတ်ဆိတ်နေသည်ဟု ကျွန်မခံစားမိသည်။ ကျွန်မပြန်ရတော့မည် ဆို၍ ဖေဖေနှင့် မေမေ မျက်နှာမကောင်းပါ။ သို့သော် မိဘများသည် သူတို့ခံစားချက်များအား ထုတ်ဖော်ပြသတတ် သူများမဟုတ်ဟု ကျွန်မထင်ပါသည်။ စုန်ရေ...ဖြင့်သာ သားသမီးများကို ချစ်ခင်လိုသည်။ ဆန်တက်လာမည့်ရေကို ဘယ်သောအခါမှ မျှော်လင့်တတ်ကြသူများမဟုတ်ပါ။ ကျွန်မအတွက် မေမေသည် ချက်ပြုတ်ပေးရင်း '' သမီး... ကျန်းမာရေး ဂရုစိုက်နော်၊ တက်စာကိုသတိထားစား၊ အစားအသောက်ကိုဆင်ခြင်၊ ရေကိုကျိုချက်သောက်၊ လိုအပ် ရင် မေမေတို့ကိုလှမ်းမှာနော်... စသဖြင့် အမှာစကားများမကုန်နိုင်အောင် ပြောနေသဖြင့် '' ဟုတ်ကဲ့ပါ မေမေရယ်.. သမီးလူကြီးတစ်ယောက်အဖြစ်နဲ့ လုပ်ငန်းခွင်ဝင်နေရပြီ၊ မေမေက သမီးကိုကလေးလို့ ထင်နေတုန်းပဲ'' ဟုပြောလျှင် မေမေက '' ကျုပ်မျက်စိထဲမတော့ ကလေးပဲ၊ တစ်စက်ကလေးမှ စိတ်မချပါဘူးအေ...'' ဟုပြန်ပြောလာသဖြင့် ကျွန်မ ရယ်မောမိသေးသည်။ ကျွန်မ ရန်ကုန်သို့ပြန်မည့်ကားသည် ည ၉နာရီမှစီးရမည်ဖြစ်ပြီး ကားဂိတ်တွင် သွားစီးရန် မလိုအပ်ပဲ ကျွန်မအိမ်ရှေ့တွင်စောင့်စီးရုံသာ။
ကျွန်မသည် ညနေစာ ထမင်းပွဲပြင်ကာ ထမင်းစားချိန်တွင် ဖေဖေသည် ထမင်းတစ်ပန်းကန် မကုန်၊ ဖေဖေ စားမကောင်းဘူးလားဟု ကျွန်မမေးတော့ ရင်ပြည့်နေတယ်ထင်တယ်သမီးရယ်ဟု ပြန်ပြောခဲ့သည်။ မေမေသည် လည်းထမင်းကိုနည်းနည်းသာစားပြီး ကျွန်မယူသွားရမည့်ပစ္စည်းများကိုပြန်စစ်ပေးနေသည်။ ကျွန်မစားသောက်ပြီး ချိန်တွင် ည(၇)နာရီထိုးပြီ၊ ကျွန်မ ဘုရားခန်းသို့ဝင်ကာ ဘုရားရှိခိုးပြီး ဖေဖေနှင့် မေမေအား ကန်တော့ရန် အိမ်ပေါ် ထက်မှ ဆင်းလာခဲ့သည်။ ဖေဖေနှင့် မေမေကိုကန်တော့ချိန်တွင် ဖေဖေမှ ကျွန်မအတွက် ဆုများပေးနေချိန်တွင် မေမေသည် နှုတ်ဆိတ်နေခဲ့သည်။
''တီ...တီ'' ဟော ကားလာပြီသမီး ဟုဖေဖေလှမ်းပြောသဖြင့် ကျွန်မ အထုပ်အပိုးများ ယူကာအိမ်ရှေ့သို့ ထွက်လာခဲ့သည်။ ဖေဖေနှင့်မေမေသည် ကျွန်မအား ကားနားအထိလိုက်ပို့ပြီး ''သမီးလမ်းမှာ ဂရုစိုက်သွားနော်၊ ဘုရား၊ တရား မမေ့နဲ့ ''ဟုမှာနေသေးသည်။ ကျွန်မ ကားပေါ်မှ လက်ပြနှုတ်ဆက်ချိန်တွင် ဖေဖေနှင့် မေမေ မျက်နှာ ညှိုးငယ်နေသည်။ ကျွန်မ မသိကျိုးကျွံပြုကာ တစ်ဘက်သို့ လှည့်လိုက်သည့် အချိန်တွင် ကားသည် အိမ်ရှေ့မှ ထွက်ခွာလာပြီဖြစ်သည်။ မိဘနှစ်ပါး မျက်ရည်ကျနေမည်ဆိုသည်ကို ကျွန်မသိပါသည်။ ကျွန်မ ပါးပြင်ပေါ်တွင် အေးစက်သည့် မျက်ရည်စက်များ စီးဆင်းလာခဲ့ရသည်။ ဖေဖေနှင့် မေမေ၏ခံစားချက်များကို ကျွန်မနားလည်နိုင်ပါ သည်။ မိဘများသည် အသက်အရွယ်ရလာလျှင် မိသားစုများနှင့် သိုက်သိုက်ဝန်းဝန်းနေချင်မှာအမှန်ပင်။ မိဘနှစ်ပါး အား စိတ်ချမ်းသာစေချင်သော်လည်း ကျွန်မလုပ်မပေးနိုင်၍ စိတ်မကောင်းဖြစ်မိသည်။ ကျွန်မဘဝရပ်တည်ချက် အတွက် ကျွန်မခရီးဆက်ရဦးမည်။ ထိုအရာကို မိဘများ နားလည်ပေးနိုင်မှန်း ကျွန်မသိပါသည်။ မိဘများသည် သား၊သမီးတိုင်းကို ပေးဆပ်ခြင်းဖြင့်သာ ချစ်ခင်ကြသည်။ ချစ်သောမျက်လုံးများဖြင့် ပြုံးလျှက်သာကြည့်နေတတ် ပါသည်။ ကျွန်မတို့ငယ်ရွယ်စဉ် အချိန်က နေခဲ့ရသည့် မိသားစုဘဝလေးအား ကျွန်မတို့ မိသားစုဝင်အားလုံး ပြန်လည်တမ်းတနေမည်မှာမလွဲပါ။ ပျော်စရာကောင်းခဲ့သည့် မိဘရင်ခွင်နေရချိန်လေး အားမှန်းမျှော်တမ်းတရင်း ကျွန်မတာဝန်ကျရာ ဒေသဆီသို့....
မိဘမေတ္တာ ကြီးမားပါသည်
လိမ္မာသူသာအသိဆုံး ဆိုသည့် ဆုံးမစကားကိုကြားယောင်နေမိရင်းဖြင့်......

No comments:

Post a Comment