Monday, 21 March 2011

ပြည်ပရောက် မြန်မာကလေးများ

နိုင်ငံခြားပတ်ဝန်းကျင်က မြန်မာကလေးများ ကြီးပြင်းမှုမှာ ကောင်းကွက် ဆိုးကွက်များစွာပင်ရှိနေပါသည်။ မိခင်ဘာသာစကားမှစ ၀တ်စားဆင်ယင်မှု နေထိုင်ပြုမူမှု အားလုံး ကလေးများရင်ဆိုင်နေရပါသည်။ ရုတ်တရက်ကြည့်လျှင်တော့ ဆန့်ကျင်ဘက် ယဉ်ကျေးမှုနှစ်ခုဟာ သူတို့လေးတွေကြား လွန်ဆွဲလျက်ရှိနေပါတယ်။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုကာလ ကြာမြင့်တာနှင့်အမျှ မြန်မာ့ယဉ်ကျေးမှုဆိုတာ သူတို့လေးတွေအတွက် ကြားပင်မကြားဖူးလောက်အောင် ဖြစ်သွားနိုင်ခြင်းအား ၀မ်းနည်းဖွယ်တွေ့ရှိနေရပါသည်။ အထက်က (နိုင်ငံခြားမှာ ကြီးပြင်းတဲ့ မြန်မာကလေးတွေ post ) ကပြောသလိုမျိုး မြန်မာလူကြီးများရဲ့ အပြုအမူအရ သူတို့လေးတွေအတွက် အထင်ကြီးဖွယ်မတွေ့ရခြင်းကို အထူးပင် သတိချပ်နိုင်ကြ၏။ ဆင်ခြင်သင့်ကြ၏။ ထို့အတူပင် ကလေးများ မြန်မာဘာသာစကားအား အထင်သေးစေခြင်းငှာ ဖြစ်သွားလေတော့၏။

သို့ပါသော်လည်း မြန်မာဘာသာစကား၏ လေးနက်ပုံ ခန့်ညားပုံ နှင့်တကွ မည်မျှပင်ယဉ်ကျေးသော ဘာသာစကားတစ်ခုဖြစ်ကြောင်းကို အလေးနက်ထားကာ ကလေးများအားသိစေနိုင်ပါ၏။
ဥပမာဆိုရသော် အဖေ အမေ ဆရာ တပည့် လူကြီးသူမ ဘုန်းတော်ကြီးများနှင့် ပြောဆိုရာတွင် သုံးသော နာမ်စားများဖြစ်သည့် ကျွန်တော်၊ ကျွန်မ၊ တပည့်တော်၊ တပည့်တော်မ၊ ဆရာ၊ မေမေ၊ ဖေဖေ၊ ဦးလေး၊ အဒေါ် စသည်ဖြင့်သင့်ရာသင့်ရာ သုံးစွဲရခြင်း။ ပြန်ထူးရာတွင်လည်း ခင်ဗျာ၊ ရှင်၊ အရှင်ဘုရား စသည်ဖြင့် သူ့နေရာနှင့်သူ ပြောဆိုသုံးနှုံးခြင်းဖြင့် မြန်မာဘာသာစကား၏ ယဉ်ကျေးပုံကို ချစ်စဖွယ်ဖြစ်အောင် ကလေးများသိမြင် သဘောပေါက်နိုင်ကြပါ၏။ အင်္ဂလိပ်တို့နေရာတကာ သုံးသော I, you နှင့် အင်မတန်မှ ကွာခြားကြောင်း ကလေးများသိစေနိုင်ပါ၏။

မိတ်ဆွေတစ်ယောက်ပြောပြချက်အရ မိဘတို့အလုပ်လုပ်ကိုင်သော နိုင်ငံတွင်ပင် ကလေးငယ်အားကျောင်းထား၏။ မိဘတို့အနေနှင့်သမီးငယ်အား တတ်စေချင်လွန်းသော ဆန္ဒနှင့် မြန်မာစကားပင် ကောင်းကောင်းမတက်သေးသူ ကလေးအား ကျောင်းသွားထားရာ ကလေးမှာ မြန်မာလိုလည်း ကောင်းကောင်းမရ အင်္ဂလိပ်လိုလည်း ကောင်းကောင်းမရပဲရှိ၏၊ ယခုရွယ်တူသူငယ်ချင်းများ မြန်မာစကားကို လည်းကောင်း၊ အင်္ဂလိပ်လိုလည်ကောင်း အသင့်တင့်ပြောနိုင်ကြသော်လည်း ထိုသမီးလေးမှာ တစ်ခုခုပြောချင်လျှက် ဘာကိုမှ မှန်ကန်အောင်မပြောနိုင်ပဲရှိ၏ တခါတရံနှုတ်မှ မည်သည့်စကားလုံးမှ မထွက်လာပဲ .. တအအ..တအီအီ.... နှင့်လိုရင်းသို့မရောက်နိုင်လျှက်ရှိနေ၏။ ကျောင်းတွင် အင်္ဂလိပ်လိုတစ်မျိုး အိမ်တွင်မြန်မာလိုတစ်မျိုးဖြင့် ကလေး၏ဦးနှောက် စမှတ်စအရွယ်တွင် ကလေးအဖို့ များစွာပင် ဒုက္ခရောက်ရလေသည်။

ဝတ်စားဆင်ယင်ပုံတွင်လည်း ရှေးခေတ်အဆက်ဆက်မှ ၀တ်စားပုံများ မသိနိုင်စေကာမှု ယခုခေတ် မြန်မာဝတ်စားဆင်ယင်မှုဖြစ်သည့် တိုက်ပုံ၊ ပုဆိုး၊ ထမီ၊ ရင်စေ့အင်္ကျီ၊ ရင်ဖုံးအကျီင်္၊ ပုဝါ၊ တို့၏ ခန့်ထည်ပုံ အချိုးကျပုံတို့ သာမက သက်တောင့်သက်သာရှိမှု အမြင်တင့်တယ်မှုတို့ကို ကလေးများနားလည်စေချင်၏။

လွန်ခဲ့သော ၅လ/ ၆လလောက်က အဖြစ်တစ်ခုမှာ စင်ကာပူသို့ အနုပညာအဖွဲ့တစ်ဖွဲ့ လာရောက်အငြိမ့်ကပြကြ၏။ ကျွန်ုပ်မိတ်ဆွေနှင့်အတူ သူတို့၏ ကလေးများလည်း သွားရောက်ကြည့်ရှုကြ၏။ လူရွှင်တော်များ ပြတ်လုံးပြတ်သောအခါ တစ်ပွဲလုံးပွဲကျလျှက်ရှိသော်လည်း မိတ်ဆွေ၏သားများမှာ ရယ်ရမည်ကိုပင်မသိပဲ၊ မိခင်ဖြစ်သူအား "မေမေ သူတို့ဘာလို့ ဒီလောက်တောင် ရယ်နေကြတာလဲ" "ရယ်စရာလည်း မရှိဘဲ ဘာကိုရယ်ရမှာလဲဟု" အံသြတကြီးမေးကြလေသည်။ ဘာသာစကားအခက်ခဲကြောင့် တစ်ကြောင်း၊ လူရွှင်တော်များမှာ မြန်မာပြည်၏ အခြေအနေများနှင့် ပတ်သက်သမျှ ပြတ်လုံးထုတ်နေခြင်းဖြစ်သဖြင့် မြန်မာပြည်နှင့် ကင်းလွတ်နေသော ကလေးငယ်များအဖို့ ပြတ်လုံး၏အထာ ရည်ညွန်းပုံ တွေးတောယူရပုံတို့ကို မသိခြင်းကတစ်ကြောင်း၊ အငြိမ့်ဆိုသော မြန်မာ့အနုပညာနှင့် မထိတွေ့ဖူးကြခြင်းကတစ်ကြောင်း ကြောင့်သာဖြစ်ရခြင်းဖြစ်ပါသည်။ ဒီပုံအတိုင်းသာဆို နောင်ကလေးများ မြန်မာအနုပညာနှင့်ပါ ကင်းကွာကြပေဦးမည်ဟု စိတ်မချမ်းမသာဖြစ်ခဲ့ရပါ၏။

လူမျိုးခြားတွေရဲ့ မိသားစုဆက်ဆံရေးနှင့် မြန်မာတို့ရဲ့ မိသားစုဆက်ဆံရေးမှာလည်း ကွဲပြားလှပါသည်။ လူမျိုးခြားတို့က မိဘကသားသမီး၊ သားသမီးကမိဘကို သူငယ်ချင်းပြောပြော၊ သူငယ်ချင်းလို ဆက်ဆံနိုင်ကြပေမယ့် မြန်မာမိဘနှင့် သားသမီးကြားမှာ ထိုမျှလောက်မလွတ်လပ်နိုင်ပါ။ ဘုရားရှင်ကိုယ်တိုင်ဟောကြားထားသော မိဘကျေးဇူးအတိုင်းအတာနှင့်တကွ ကျေးဇူးတရားကြီးမားမှုကို အခြေခံကာ ရိုသေ လေးစား ကိုင်းရှိုင်းမှုများမှာ မြန်မာတို့၏ ပင်မယဉ်ကျေးမှုတစ်ခုဖြစ်လျှက်ရှိ၏။ သို့သော်လည်း ထိုအခြေအနေကြား ခေတ်လူငယ်တို့မှာ ပိုမိုလွတ်လပ်မှုအား အလိုရှိခြင်းငှာ မြန်မာထုံးထမ်း ဓလေ့တို့အား ခေတ်နောက်ရောက်လျှက်ရှိသည် ဟုမြင်ကြကာ ပိုမိုလွတ်လပ်သော မိသားစုဆက်ဆံရေးအား အလေးပေးကျင့်သုံးကြတော့သည်။
သို့ဖြစ်ရာ မြန်မာကလေးငယ်များနှင့် နီးကပ်လျှက်ရှိသော မိဘများ(အထူးသဖြင့်)၊ ဆွေမျိုးအသိုင်းဝိုင်းများသည် ကလေးငယ်တို့၏ ပညာရေးမှသည် အစစအရာရာတိုးတက်စေခြင်းငှာ ပြည်ပတွင်ကြီးပြင်းစေရုံသာမကပဲ မိမိတို့လူမျိုး၏ ဘာသာစကားမှသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား ကလေးငယ်တို့၏ နှလုံးသားသို့ သွတ်သွင်းပေးကြပါရန် အထူးပင်တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment